fbpx

လုပ်ငန်းခွင် ကျင့်ဝတ်ဆိုတဲ့ Workplace Ethics

လုပ်ငန်းခွင်ကျင့်ဝတ် ဆိုတဲ့ Workplace Ethics

=========

ကျင့်ဝတ်ဆိုတာဘာလဲ? 

ကျွန်ုပ်တို့နေ့စဉ်နဲ့အမျှ ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေကို မှန်ကန်အောင်ထိန်းညှိပေးနေတဲ့ အလုပ်ကျင့်ဝတ်ဆိုတာ လုပ်ငန်းခွင်အတွင်းမှာ ချမှတ်ထားခြင်းမရှိပေမယ့်လဲ လေးစားလိုက်နာသင့်တဲ့ ကိုယ်ကျင့်တရားနဲ့တန်ဖိုးတွေပဲဖြစ်ပါတယ်။ 

Workplace ethics နဲ့သက်ဆိုင်တဲ့ ပြဿနာတွေလို့ဆိုလိုက်ရင် ကျွန်ုပ်တို့ ထင်ရှားသိသာစွာမြင်လေ့ရှိတာကတော့ စည်းဘောင်ကျော်ပြီးအလုပ်လုပ်တာ၊ မမျှမတဆက်ဆံတာ၊ လာဘ်ပေးလာဘ်ယူတာ၊ Social media မှာ လုပ်ငန်းခွင်မှ လုပ်ဖော်ကိုင်ဖက်တွေရဲ့မကောင်းကြောင်းတွေ‌ရေးသားတာမျိုးတွေပါဝင်ပါတယ်။ 

ဒါဆိုရင် လုပ်ငန်းခွင်မှာ ကျင့်ဝတ်မဖောက်ဖျက်မိအောင်ဘာတွေလုပ်ကြမလဲ? 

ဘယ်လိုအပြုအမူတွေကကော လုပ်ငန်းခွင်အတွင်းကျင့်ဝတ်ချိုးဖောက်မှုတွေကို ဖြစ်စေသလဲ?

(၁) လျှို့ဝှက်ထားသင့်သောအချက်အလက်များ (Confidential Information)

ကျွန်ုပ်တို့ပုံမှန်သတိထားမိလေ့မရှိတဲ့ အမူအကျင့်တွေဟာ ကျွန်ုပ်တို့ကိုသွယ်ဝိုက်သောနည်းလမ်းကနေ ကျင့်ဝတ်ဖောက်ဖျက်တာမျိုးဖြစ်နိုင်စေပါတယ်။ လုပ်ဖော်ကိုင်ဖက်အချင်းချင်း လစာမေးမြန်းတာမျိုး၊ လုပ်ငန်းလိုအပ်ချက်အရ မဟုတ်ဘဲ လူတစ်ဦးတစ်ယောက်ရဲ့ ခွင့်ပြုချက်မပါပဲ ကိုယ်ရေးအကျဉ်းမေးမြန်းတာမျိုး၊ မိမိ ကုမ္ပဏီလုပ်ငန်းရဲ့ အချက်အလက်တွေကို ပြင်ပ ကုမ္ပဏီကိုဝေမျှတာမျိုးတွေဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြသနာတွေပဲဖြစ်ပါတယ်။ ဒါတွေကိုရှောင်လွှဲဖို့ဆိုရင်တော့ မိမိလုပ်ငန်းခွင်ကို စတင်ဝင်ရောက်ချိန်မှာ မိမိအထက်အရာရှိ သို့မဟုတ် ဝန်ထမ်းရေးရာဌာနမှ တာဝန်ရှိသူ တစ်ဦးက ကုမ္ပဏီရဲ့ ကျင့်ဝတ်စည်းမျဉ်း (Code of Conduct) တွေကို ပြောပြထားပေးဖို့လိုအပ်ပါတယ်။

(၂) တာဝန်သိစွာပြောဆိုဆက်ဆံခြင်း (Responsible communication)

တစ်ခါတစ်ရံမှာ လုပ်ငန်းခွင်အတွင်း မလိုလားအပ်တဲ့ပြဿနာတွေဟာ အလွန်ရိုးရှင်းလွန်းတဲ့ စကားတွေကြောင့်ပဲဖြစ်လာကြတာပါ။ လုပ်ငန်းခွင်အတွင်း ပြောဆိုဆက်ဆံလိုက်တဲ့မိမိရဲ့ စကားအသုံးအနှုန်းတွေဟာ ခွဲခြားဆက်ဆံခြင်း တစ်စုံတစ်ရာမရှိဘဲ တိကျမှန်ကန်ပြီး ယုံကြည်စိတ်ချရဖို့လို့အပ်ပါတယ်။ 

မိမိပြောဆိုလိုက်တဲ့ စကားတိုင်းဟာ လုပ်ငန်းခွင်ကိုများစွာ အထောက်အကူဖြစ်စေပါတယ်။ မိမိပြောစကားကြောင့် မလိုလားအပ်တဲ့ပြဿနာကိုရှောင်လွှဲမိသွားတာ၊ သို့မဟုတ် customer တွေကမိမိပစ္စည်းတွေကို ဝယ်သွားတာမျိုး၊ ဒါမှမဟုတ် အခြားလုပ်ဖော်ကိုင်ဖက်တွေအတွက် အားတက်စရာမျိုးတွေဖြစ်စေနိုင်ပါတယ်။ Responsible commutator တစ်ဦးအတွက် တန်းတူညီမျှပြောဆိုဆက်ဆံခြင်း၊ လေးစားမှုရှိခြင်းနဲ့ ယုံကြည်စိတ်ချရမှုရှိခြင်းတွေက အဓိက အရည်အချင်းတွေပဲဖြစ်ပါတယ်နော်။

(၃) အခြားလုပ်ဖော်ကိုင်ဖက်များ၏အလုပ်အကိုင်များကို ဝင်စွက်ဖက်ခြင်း (Overtaking or Interfering others’ work)

ဒီအချက်ကလဲ ကျွန်ုပ်တို့လွန်စွာသတိထားရမဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။ လုပ်ငန်းဆောင်တာတစ်ခုအောင်မြင်ဖို့ရာ အသင်းအဖွဲ့နဲ့ဆောင်ရွက်ဖို့ အရေးပါလှပေမယ့် လိုအပ်တဲ့ စည်းဘောင်ကိုကျော်ပြီး လုပ်ကိုင်ဆောင်ရွက်တာဟာ မိမိလုပ်ဆောင်ရမဲ့ အလုပ်တွေကို ထိခိုက်နိုင်သလို အခြားလုပ်ဖော်ကိုင်ဖက်တွေကိုလဲ မလေးစားရာရောက်ပါတယ်။ စည်းဘောင်ကျော်ပြီးဆောင်ရွက်တာမျိုး မဖြစ်အောင်တော့ တစ်ဖက်မှာရှိတဲ့ မိမိရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ တိုင်ပင်ဆွေး‌နွေးပြီး လုပ်ဆောင်သင့်တဲ့အရာတွေအတွက် ခွင့်တောင်းတာမျိုးတွေ ပြုလုပ်သင့်ပါတယ်။ 

အကယ်၍ ခွင့်တောင်းရမဲ့ သူကို အကြောင်းအမျိုးမျိုးကြောင့်ဆက်သွယ်လို့ မရနိုင်ဘူးဆိုရင်တောင် သက်ဆိုင်ရာဌာနရဲ့ တာဝန်ရှိသူကို ဆက်သွယ်ပြီး ဆောင်ရွက်နိုင်ပါတယ်နော်။

(၄) လာဘ်ပေးလာဘ်ယူခြင်းနဲ့ ကုမ္ပဏီပိုင်ပစ္စည်းများကို အလွှဲသုံးစားပြုလုပ်ခြင်း (Bribery, Corruption, and Misuse of Company Assets)

လုပ်ငန်းခွင်တွေမှာ မကြာခဏတွေ့ရလေ့ရှိတဲ့ ကျင့်ဝတ်ဖောက်ဖျက်မှုတစ်ခုကတော့ လာဘ်ပေးလာဘ်ယူခြင်းပဲ ဖြစ်ပါတယ်။ လုပ်ငန်းဆောင်တာတွေမြန်မြန်ဆန်ဆန်ပြီးစေလိုတဲ့ စိတ်နဲ့ လာဘ်ပေးတာ သို့မဟုတ် လာဘ်ယူတာတွေက တစ်ခဏတာအတွက်အဆင်ပြေစေမှာဖြစ်ပေမယ့် ပြဿနာတစ်စုံတစ်ရာတက်လာတဲ့ အခါမှာ အထောက်အထားမဲ့ ဆောင်ရွက်ခဲ့တာတွေကြောင့်ပိုမိုကြီးမားတဲ့ ပြဿနာတွေဖြစ်လာစေနိုင်ပါတယ်။ 

ထိုနည်းတူစွာပဲ ကုမ္ပဏီပိုင်ပစ္စည်းတွေကို မိမိကိုကျိုးအတွက်ဖြစ်စေ တစ်ပါးသူအတွက်ဖြစ်စေ စည်းမျဉ်းစည်းကမ်းနဲ့ မညီပဲအသုံးပြုခြင်းတွေဟာ မိမိရဲ့ လုပ်ငန်းခွင်ကျင့်ဝတ်ဖောက်ဖျက်မှုတွေကို ပြသနေတဲ့အချက်တွေပဲဖြစ်ပါတယ်။ ဒီလိုပြဿနာတွေကိုဖြေရှင်းနိုင်ဖို့ အကူအညီလိုအပ်နေတယ်ဆိုရင်တော့ မိမိရဲ့ အထက်အရာရှိတစ်ဦးနဲ့တိုင်ပင်ပြီးဖြေရှင်းတာမျိုးတွေကို ပြုလုပ်သင့်ပါတယ်နော်။

ဒီတပတ် ပြောပြပေးချင်တဲ့ လုပ်ငန်းခွင်ကျင့်ဝတ်ကတော့ဒီလောက်ပါပဲနော်။ ဒီအကြောင်းအရာလေးတွေကိုဖတ်ပြီးတော့ မလိုလားအပ်တဲ့ ပြဿနာတွေကို ‌ရှောင်လွှဲနိုင်ကြပါစေ။ အားလုံးအဆင်ပြေကြပါ‌စေ။

  • Share this post

Leave a Comment