သင့် Employer Branding အတွက် ဘာတွေပြင်ဆင်ထားသင့်သလဲ?
ပညာရှင်တွေရဲ့ သုံးသပ်ချက်တွေအရ ၂၀၂၁ ရဲ့ ပထမ ၄လတာမှာတင် ကမ္ဘာ့စီးပွားရေး ပြန်လည်တည့်မတ်လာနိုင်ဖွယ်ရာရှိတယ်ဆိုတဲ့အတွက် ကျွန်တော်တို့အနေနဲ့ ကပ်ရောဂါကြောင့် ဖြစ်ပျက်ခဲ့ရတဲ့ ဆုံးရှုံးမှုတွေထဲက ရုန်းထွက်နိုင်ဖို့ ပြင်ဆင်သင့်ပါပြီ။ စီးပွားရေးတွေပြန်လည်ကောင်းမွန်လာတာနဲ့အမျှ ဝန်ထမ်းခန့်အပ်ခြင်းတွေကလဲ တရှိန်ထိုး တိုးတက်လာမှာပါ။ ဒီအချိန်မှာ အရည်အချင်းပြည့်ဝပြီး သင့်လုပ်ငန်းအတွက် အံဝင်ခွင်ကျဖြစ်တဲ့ အလုပ်လျှောက်သူတစ်ဦးမေးလာနိုင်တာကတော့ ကိုဗစ်ကာလမှာ သင့်အနေနဲ့ သင့် ကုမ္ပဏီမှာရှိတဲ့ ဝန်ထမ်းတွေကို ဘယ်လိုအကူအညီတွေပေးပြီး စောင့်ရှောက်ခဲ့သလဲ ဆိုတာမျိုးပဲဖြစ်ပါတယ်။
COVID 19 ဟာ အဖွဲ့အစည်းတော်တော်များများကို ဖိအားတွေပေးခဲ့ပြီး စီးပွားရေးအကျပ်အတည်းတွေဖြစ်စေခဲ့လို့ ဝန်ထမ်းစရိတ်တွေဖြတ်တောက်ထဲ့အထိ အခက်အခဲကြုံတွေ့စေခဲ့ပါတယ်။ ဝန်ထမ်းအချို့ကို အလုပ်ရပ်နားစေရုံမျှမက ရှိရင်းဝန်ထမ်းတွေအတွက် တိုးပေး သင့်တဲ့လစာတွေကို ရပ်နားထားရတာမျိုးတွေအထိပါဖြစ်စေခဲ့တာပါ။ ဒီတော့ သင့်ဝန်ထမ်းတွေ အလုပ်လာလျှောက်သူတွေကို ဘယ်လို ဆက်သွယ်ပြောဆိုတယ်ဆိုတာကပဲ သင့်ရဲ့ Employer Brand ကို သိသာထင်ရှားစေမှာပါ။
Airbnb
ခရီးသွားဝန်ဆောင်မှုလုပ်ငန်းတွေထဲက နာမည်ကျော် Airbnb ကုမ္ပဏီဟာ ၂၀၂၀ ခုနှစ်မှာတော့ ဝန်ထမ်းအများစုကို အလုပ်ရပ်နားစေခဲ့ရပြီးတော့ ၂၀၁၉ ခုနှစ်ဝင်ငွေရဲ့ တစ်ဝက်ကိုတောင် မရရှိခဲ့တာကို ဝန်ထမ်းတွေကို အတိအလင်း ကြေငြာပြောဆိုခဲ့ပါတယ်။ အလုပ်ရပ်နားရတဲ့ဝန်ထမ်းတွေကို ကုမ္ပဏီအနေနဲ့ ဘယ်လို အကူအညီတွေပေးနိုင်တယ် ဘာတွေဆက်လုပ်ဖို့ ကူညီပေးမယ်ဆိုတာတွေကိုလဲ ဆက်သွယ်ပြောကြားခဲ့ပါတယ်။
Airbnb ရဲ့ CEO ဘရိုင်ရန် ချက်စကီဟာ ပွင့်လင်းမြင်သာမှုရှိရှိနဲ့ ကုမ္ပဏီအနေနဲ့ ဘာကြောင့်ငွေကြေးဖြတ်တောက်မှုတွေပြုလုပ်ရတယ်၊ ဘာကြောင့် ဝန်ထမ်းတွေလျှော့ခဲ့ရတယ်ဆိုတာတွေကို ဝန်ထမ်းတွေအားလုံးကို ပြောပြခဲ့ပါတယ်။ အလုပ်ထွက်လိုက်ရတဲ့ဝန်ထမ်းတွေကို Airbnb အနေနဲ့ ဘယ်လောက်ထိအထောက်အပံ့အကူအညီပေးနိုင်တယ်ဆိုတာတွေကိုလည်း ဖော်ပြခဲ့ပါတယ်။
ဒီနေရာမှာသင်ခန်းစာယူနိုင်တာတစ်ခုကတော့ ပွင့်လင်းမြင်သာမှုရှိတဲ့ ဆက်သွယ်ရေးပဲဖြစ်ပါတယ်။ ဝန်ထမ်းတွေအနေနဲ့ စီးပွားရေးမှာ ပြောင်းလဲမှုတွေရှိလာတာ၊ စီးပွားရေးကျဆင်းလာတာတွေကို သိမြင်ကြပါတယ်။ ဒါတွေထက်အရေးကြီးတာကတော့ လုပ်ငန်းရှင်တွေအနေနဲ့ ဒီလိုအဖြစ်အပျက်တွေကို ဘယ်လိုတုံ့ပြန်ကြသလဲဆိုတာပဲဖြစ်ပါတယ်။
Walmart
အမေရိကန်နိုင်ငံအခြေစိုက Walmart supermarket CEO ဒေါက်မက် မီလီယံ ကတော့ သူ့ရဲ့ ဆိုင်တွေကို သွားရောက်ခဲ့ပြီး ရှေ့တန်းမှာ အလုပ်လုပ်နေကြတဲ့သူ့ရဲ့ ဝန်ထမ်းတွေကို သွားရောက်စကားပြောခဲ့ပါတယ်။ နောက်ပြီး သူ့ဝန်ထမ်းတွေအနေနဲ့ ဒီလိုအကျပ်အတည်းကာလမှာ CEO တစ်ယောက်အနေနဲ့သူဟာ ဘာတွေလုပ်နေသလဲဆိုတာသိရှိနိုင်အောင် ဒီအကြောင်းအရာတွေကို သူ့ရဲ့ LinkedIn Profile မှာရေးသားခဲ့ပါတယ်။
မက်မီလီယံအနေနဲ့ အပြောနဲ့ပဲ ဝန်ထမ်းတွေကို ဂရုစိုက်ခဲ့တာမျိုးမဟုတ်ပဲ အလုပ်နဲ့ပါသက်သေပြခဲ့တာပါ။ Walmart ဝန်ထမ်းတွေဟာ COVID-19 ကာလမှာ ဘောနပ်စ်တွေကိုလည်းရရှိခဲ့ကြပါတယ်။
ဒီနေရာမှာတော့ ကျွန်တော်တို့အနေနဲ့ သင်ခန်းစာယူလို့ရတာကတော့ ဝန်ထမ်းတွေကို မှန်ကန်တဲ့ အနေအထားတွေနဲ့ ဆက်သွယ်ပေးဖို့ဖြစ်ပါတယ်။ လုပ်ငန်းရှင်တွေအနေနဲ့ လက်ရှိဖြစ်ပျက်နေတဲ့အခက်အခဲတွေကို တစ်ဖက်ပိတ် ငြင်းဆန်နေလို့မရသလို ဒီလိုအခက်အခဲကာလမှာ အားတက်သရော အလုပ်လုပ်ပေးခြင်းမျိုးကို အသိအမှတ်မပြုပေးခြင်းဟာလည်း အရေးပါလှတဲ့ Communication Method တစ်ခုပါ။
Employer Branding အတွက်အရေးကြီးလှတဲ့အချက်တွေကဘာတွေလဲ?
Employer တွေအနေနဲ့ အရည်အချင်းပြည့်ဝတဲ့ အလုပ်လျှောက်သူတွေအပေါ် လွှမ်းမိုးနိုင်အောင်ပြုလုပ်ပေးနိုင်တဲ့အချက်တွေကတော့ အလုပ်ကြော်ငြာစာ၊ ကုမ္ပဏီ Website နဲ့ Blog၊ လုပ်ငန်းခွင်ယဉ်ကျေးမှု ၊ လုပ်ငန်းတွင်းဝန်ထမ်းဆက်သွယ်ရေး တို့ပဲဖြစ်ပါတယ်။ ဒီအချက်တွေကတစ်ဆင့် ကုမ္ပဏီတစ်ခုရဲ့ ပုံရိပ် နဲ့ လှုပ်ရှားမှုတွေကိုလေ့လာတွေ့ရှိနိုင်တဲ့ အတွက်ပဲဖြစ်ပါတယ်။ ဖော်ပြခဲ့တဲ့အချက်တွေက အလုပ်လျှောက်သူတွေကို တိုက်ရိုက် လွှမ်းမိုးမှုတွေရှိနေပါတယ်။ နောက်ပြီး အလုပ်လျှောက်သူတွေကို သွယ်ဝိုက်လွှမ်းမိုးနေတဲ့အချက်တွေကတော့ အများသူငှာအမြင် (public perception) နဲ့ ဆုထူး ဂုဏ်ထူးရယူထားခြင်းတွေပဲဖြစ်ပါတယ်။
ကိုဗစ်ကာလမှာ သိသိသာသာ လူတွေကို ပေါင်းစည်းပေးလိုက်တာကတော့ လူမှုကွန်ယက်စာမျက်နှာ တစ်ခုဖြစ်တဲ့ Facebook ပဲဖြစ်ပါတယ်။ Facebook ကတစ်ဆင့် အကူအညီတွေကို မျှဝေပြီး community တစ်ခုဖန်တီးပြီး ဆက်သွယ်ခဲ့ကြတာပဲဖြစ်ပါတယ်။
ရည်ရွယ်ချက်နဲ့ ဦးတည်ရာတစ်ခုသပ်သပ်မတ်မတ်ရှိနေတဲ့ လုပ်ငန်းခွင်တွေကိုသာ အလုပ်လျှောက်သူတွေက ဝင်ရောက်အလုပ်လုပ်ချင်ကြတာပါ။ Facebook ရဲ့ ကြော်ငြာတွေကတစ်ဆင့် ကပ်ရောဂါကြီးကြောင်း လမ်းတွေ ဆိုင်တွေ လူသူကင်းမဲ့သွားတာတွေကို သိခဲ့ရပြီး ဒီ ကြော်ငြာတွေကတစ်ဆင့်ပဲ အခက်အခဲကာလအတွင်း လုပ်ငန်းခွင်က လူတွေအချင်းချင်းဘယ်လို ဆက်သွယ်နေကြတယ် ဘယ်လို စိတ်ပိုင်းဆိုင်ရာအကူအညီတွေရယူပြီး အတူတကွအလုပ်လုပ်နေကြတယ်ဆိုတာတွေကိုလဲ သိခဲ့ကြရတာပါ။ ဒီအတွက်ကြောင့် မိမိ Brand ရဲ့ Mission တွေ Story တွေကို Social Media တွေကတစ်ဆင့် အလုပ်ရှာနေသူတွေသိရအောင် ပြောပြပေးနိုင်ဖို့ကလည်း အရမ်းကို အချက်အချာကျလှတဲ့အကြောင်းအရာတစ်ရပ်ပါ။
ဒီအခက်အခဲတွေက ကုမ္ပဏီအများစုရဲ့ Employer Brand တွေကို လည်းထိခိုက်မှုတွေရှိစေတာကတော့ ရှောင်လွှဲလို့မရတဲ့အချက်ပါ။ ကုမ္ပဏီတွေအနေနဲ့ Employer Branding ကိုဆက်ပြီး လစ်လျူရှုထားမယ်ဆိုရင်တော့ မနက်ဖြန်မှာလိုအပ်လာမယ့် အကောင်းဆုံးဝန်ထမ်းတွေကို ဆုံးရှုံးရမှာပဲဖြစ်ပါတယ်။